အခု online မှာနာမည်ကြီးနေတာကတော့ …. MMM Global ဆိုတဲ့ Company တစ်ခုပါပဲ …. တစ်လအတွင်း အမြတ်ငွေ နှစ်ဆ (၂၀၀%)ြ့ပန်အမ်းပေးမယ်လို့ ကတိပေးတဲ့ အလုပ်တစ်ခုပေါ့ ….
ဒါပေမယ့် MMM Global က ဒါကို အလုပ်တစ်ခုပါလို့ မပြောပါဘူး …. MMM Global ကိုတည်ထောင်သူ Sergei Mavrodi (ကမ္ဘာကျော်ထောင်အကြိမ်ကြိမ်ကျဖူးသူ ငွေကြေးလိမ်လည်သူကြီး) က ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုပါ… လုပ်ငန်းတစ်ခုမဟုတ်ပါဘူးတဲ့ …. တစ်ယောက်အကူအညီလိုနေချိန်မှာ တစ်ယောက်က ချေးငွေပေးလို့ … ကိုယ့်ကိုပြန်တစ်ဘက်နဲ့ တစ်ဘက်ပြန်ကူညီကြတဲ့ သဘောပါတဲ့ ဗျာ …. ကောင်းလိုက်တဲ့ .. မဟာစေတနာရှင် စီမံကိန်းကြီးပါပဲ ….
ခင်ဗျား အနေနဲ့ ဒေါ်လာတစ်ဆယ်အနည်းဆုံးစတင်ရင်းနှီးလို့ ရမယ်.. ပြီးရင် သူ့လုပ်ငန်းကို ကြော်ငြာပေးတဲ့ အလုပ်ကို နေ့တိုင်းလုပ်ပေးရမယ်… သူခိုင်းထားတဲ့ ကြော်ငြာအလုပ်ကိုအကုန်ကျေပွန်အောင်လုပ်ပေးနိုင်မယ်ဆိုရင်…. တစ်လပြည့်တဲ့နေ့မှာ .. ဒေါ်လာ နှစ်ဆယ် ခင်ဗျား
အကောင့်ထဲရောက်နေပြီတဲ့ …. ကဲပျော်စရာမကောင်းလား …..
တကယ်တော့ ခင်ဗျားတို့ထင်သလောက်ပျော်စရာမကောင်းပါဘူး ….
ကဲ MMM Global လိုအလုပ်မျိုးကို ဘယ်လိုခေါ်ပါသလဲ … အင်္ဂလိပ်လို Cash Gifting လုပ်ငန်းလို့ ခေါ်ပါတယ်… ဒီလုပ်ငန်းဟာ ရင်းနှီးမြုပ်နှံသူတွေကို အရူးသက်သက်လုပ်တဲ့ လုပ်ငန်းသာဖြစ်ပါတယ်… အမေရိကားက ပြည်နယ်အများစုမှာ Cash Gifting လုပ်ငန်းကို ပိတ်ထားပြီး … ဒီလိုလုပ်တယ်ဆိုတာ နဲ့ အနည်းဆုံးထောင်ခုနစ်နှစ်အထိ ကျနိုင်ပါတယ်….
ခုနပြောသလို တစ်စပေးရင်တစ်လအတွင်း နှစ်ဆရမယ်… ကဲ အဲ့ဒီနှစ်ဆဘယ်သူ့ဆီကရပါသလဲ … ဘယ်သူ့ဆီကမှမဟုတ်ပါဘူး .. ကိုယ့်လို နောက်ထပ်လာတဲ့ ရင်းနှီးမြုပ်နှံသူတွေဆီကသာဖြစ်ပါတယ်… ဒီလို တစ်ဦးကနေ နှစ်ဦး ဆပွားရင်းနှီးမြုပ်နှံသူကိုရှာရတဲ့ ပုံစံကို Ponzi Scheme လို့ ခေါ်ပါတယ်…
MMM Global အကြောင်းပြောရင်… Ponzi Scheme အကြောင်းကမပါမဖြစ်ပဲဖြစ်ပါတယ်.. ဘာကြောင့်ဆို Wikipedia မှာကိုက … MMM Global (A Ponzi Scheme Company ) လို့ ပြောထားလို့ ဖြစ်ပါတယ်…
Ponzi Scheme ဆိုတာဘာလဲ ….
၁၉၂၀ ခုနှစ်က Charles Ponzi ဆိုသူတည်ထွင်ခဲ့တဲ့ .. ရင်းနှီးမြုပ်နှံမှု ပိရိမစ်ပုံစံဖြစ်ပါတယ်….
ပထမ ဆုံး အစီအစဉ်ရေးဆွဲသူ Schemer တစ်ဦးကနေ ရင်းနှင်းမြှပ်နှံသူ နှစ်ဦး ကို ဒေါ်လာတစ်ထောင်စီရင်းနှီးပါ…. တစ်လနေရင် နှစ်ထောင်ပေးပါမယ်လို့ ခေါ်ပါတယ်…. ဒီလိုနဲ့ ဒေါ်လာနှစ်ထောင်စရင်းလိုက်ပါတယ်… ရင်းပြီး တစ်လအတွင်း Schemer က အထက်ကဒေါ်လာတစ်ထောင်ရင်းနှီးသူနှစ်ဦးကို … လူဦးရေ ရှစ်ဦးစီဆီကို ရင်းနှီးမြုပ်နှံဖို့ ထပ်ဖိတ်ကြားခိုင်းပါတယ်… အဲဒီရှစ်ဦးထဲကမှ လေးဦးဟာ တစ်ထောင်စီရင်းနှီးတယ်ဆိုပါစီု့ … ဒါဆိုရင်… လေးထောင်ရပါပြီ …. ပထမနှစ်ဦးကို လေးထောင်ပေးပြီး လိုက်ပါတယ်…
အဲဒီလေးဦးကိုလည်း နောက်တစ်လမှာဒေါ်လာရှစ်ထောင်ပေးရတော့မှာပါ… ဒီတော့ နောက်ထပ် ရှစ်ဦးထပ်ရဖို့ လုပ်ငန်းကိုကြောငြာခိုင်းပါတယ်.. ဒီလိုနဲ့ ဆင့်ပွား ရင်း ပွားရင်း ရင်းနီးမြုပ်နှံမှု ငါးပတ်လည်လောက်တဲ့ အချိန်မှာ သူဟာ ရင်းနှီးမြုပ်နှံသူပေါင်း နှစ်သိန်းခွဲကို ရှာရတော့မှာဖြစ်ပါတယ်…
မရှာနိုင်တော့တဲ့ အခြေအနေမှာ …. အဲ့ဒီ System ကြီးပြိုလဲသွားတော့တာပါပဲ … ဒီလိုပြိုလဲသွားရင် Schemer က ပိုက်ဆံရှိတာတွေအကုန်မပြေးတာ ..ပျောက်သွားတာမျိုးဖြစ်လေ့ရှိပြီး …. အကုန်လုံးငွေကြေးဆုံးရှုံးပြီးကျန်ခဲ့ရတော့တာပါပဲ …..
ဒါကို Ponzi Scheme လို့ ခေါ်ပါတယ်….
MMM Global ဟာ Online မှာ Ponzi Pyramiding လုပ်နေတဲ့ Company သာဖြစ်ပါတယ်…
MMM Global ကို တည်ထောင်တဲ့ Sergei Mavrodi ဆိုတာကလည်း … ကမ္ဘာမှာ လူပေါင်းများစွာကို မီလီယံပေါင်းများစွာလိမ်လည်လို့ ထောင်အကြိမ်ကြိမ်ကျဖူးသူပါ…. ယခု MMM Global ကလည်း သူရဲ့တတိယအကြိမ်မြောက် Ponzi Scheme နဲ့ တက်လာတဲ့လုပ်ငန်းပဲဖြစ်ပါတယ်….
သူ့ပထမအကြိမ် Ponzi Scheme တုန်းကလည်း အစိုးရက ပိတ်သိမ်းခဲ့လို့ ရင်းနှီးမြုပ်နှံသူများစွာငွေကြေးဆုံးရှုံးပြီး လူအယောက်ငါးဆယ်လောက်မိမိကိုယ်ကိုသက်သေတဲ့အထိဖြစ်ခဲ့ဖူးပါတယ်…. အဲဒါ ၁၉၉၄ ခုနှစ်ကပါ…
အခုအခါ Sergei Mavrodi ဟာ အပြင်မှာအလုပ်မလုပ်တော့ပဲ Online ကနေ Ponzi Scheme ကို စတင်ချဲ့ထွင်ပါတော့တယ်…. Online ကဖြစ်တာမို့ Online Currency တစ်မျိုးဖြစ်တဲ့ Bitcoin ကိုကြားခံအဖြစ်အသုံးပြုပြီး အလုပ်လုပ်ကြပါတယ်…. BitCoin ဆိုတာ ဘယ်သူကမှတာဝန်ယူမထားတဲ့ Digitel Currency တစ်ခုသာဖြစ်ပါတယ်… ဥပမာ ဖဲဝိုင်းမှာ
အကြွေလဲစရာမရှိလို့ ကတ်ထူပြားလေးတွေသုံးသလိုပေါ့ဗျာ …. နောက်ပြီး
သူပြောထားတ အင်မတန်သဘောကျဖို့ ကောင်းပါတယ်… ဒီလုပ်ငန်းဟာလုပ်ငန်းမဟုတ်ဘူး .. တစ်ဦးကိုတစ်ဦးကူညီတဲ့ လူအဖွဲ့အစည်းသာဖြစ်တယ်… ဘာမှအာမခံချက်မရှိဘူး .. ဘာစည်းကမ်းချက်မှမရှိပါဘူး .. ဒါကြောင့် ငွေပိုငွေလျံရှိမှသာလုပ်ပါ…. လို့ ပြောပါတယ်…. ဆုံးရှုံးသွားရင်တာဝန်မယူဘူးဆိုတဲ့သဘောပါ...
ရှင်းရှင်းပြောရရင် မင်းတို့ ပိုက်ဆံငါလိမ်ချင်လိမ်သွားမှာနော်လို့ တည့်တည့်ပြောထားတာပါ.... ဒင်းဟာ အရင်အမှုတွေက ကိစ္စတွေကို အင်မတန်သင်ခန်းစာယူပုံရပါတယ်....
ဒါပေမယ့် တစ်လအတွင်း နှစ်ဆပြန်ပေးပါမယ်ဆိုတဲမက်လုံးဟာ … လူတွေကို ကြွေစေပါတယ်.. လောဘတက်စေပါတယ်… ပထမမှာ ဆယ်ဒေါ်လာ မြန်မာငွေတစ်သောင်းရင်းလိုက်တယ်.. တကယ်ရမှန်းသိတော့ ပိုပိုရင်းလာကြတယ်… နောက်ဆုံး Ponzi Scheme ပြိုလဲတဲ့အချိန် မှာတော့ အများစုဟာ ငွေအလုံးအရင်းပါသွားတော့တာပါပဲ ….
တကယ်တော့ ဘာမှ တစ်ဦးကိုတစ်ဦးကူညီတာမဟုတ်ပါဘူး ..ငွေကြေးရင်းနှီးသူတွေကလည်းကူညီချင်လို့ ဒီအလုပ်ကို
လုပ်တာမဟုတ်ပါါဘူး … အမြတ်နှစ်ဆရလို့ လုပ်တာပါ… ဒါပါပဲ ….
အခုဆို MMM Global ရဲ့ Ponzi Scheme ကြောင့် Bitcoin ငွေဈေးဟာ
စတင်မြင့်လာပါတယ်.. ပြောရရင် inflation ဖြစ်လာလို့ …. Bitcoin ကို အသုံးပြုပြီးလုပ်ကြတဲ့ အခြားလုပ်ငန်းအတော်များများ စတင်အပြစ်တင်လာကြပါတယ်…
ဒီလုပ်ငန်းဟာ အမေရိကားအစရှိတဲ့ ဖွံဖြိုးပြီးနိုင်ငံတွေမှာ MLM ရဲ့ Pyramiding နဲ့ အတူ ပိတ်သိမ်းခံထားရတဲ့ အလုပ်ပဲဖြစ်ပါတယ်…ဥပဒေအရကို ငြိစွန်းတဲ့အလုပ်ဖြစ်ပါတယ်…..ထောင်တွေနှစ်များစွာချလို့ ရပါတယ်..
ပထမဆုံးရတဲ့ သူတွေကတော့ … စားသာပါတယ်… ဒါပေမယ့် ကိုယ်စားလိုက်ရတာဟာ … နောက်အသစ်တက်လာတဲ့ investor တွေရဲ့ ပိုက်ဆံသာဖြစ်ပါတယ်… Company ရဲ့ အကျိုးအမြတ်မဟုတ်ပါဘူး….. နောက်ဆုံး အသုတ်က investor တွေကတော့ ဘာအကျိုးအမြတ်မှမရပဲ .. ပိုက်ဆံဆုံးဖို့ သာရှိပါတယ်…. ဒီတော့ …. ဒီလုပ်ငန်းလုပ်သူတွေဟာ …. ဘယ်သူသေသေ
ငတေမာပြီးရောဆိုတဲ့ စိတ်ရှိမှပဲလုပ်ပါလိမ့်မယ်…..
ဒါဟာ စီးပွားရေး အမြတ်ထုတ်မှုသက်သက်သာဖြစ်ပါတယ်…..
ဒါကြောင့်လည်း ဥပဒေနဲ့ တားထားရတာဖြစ်ပါတယ်….
မြန်မာပြည်လူထုအနေနဲ့လည်း MMM Globalကို သတိထားဖို့ သာ တိုက်တွန်းလိုက်ပါရစေ …. ကိုယ်တစ်ယောက်တည်းငွေရတာကိုမကြည့်ပါနဲ့ ကိုယ့်ကြောင့် ဒုက္ခရောက်မယ့်လူ ထောင်သောင်းမကကို ကြည့်ပေးပါ
ဘယ်သူဘာပြောပြောလုပ်မယ်ကွဆိုရင်လည်း .. ကိုယ်လုပ်မယ့်အလုပ်ကို Googling လုပ်ပြီးလေ့လာပါလို့ ပြောချင်ပါတယ်…တားမရလည်း … ဖြစ်မှတော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ … နော့် …..
Credit: လင်းလွန်းညို
No comments:
Post a Comment